သံလွင်ကတော့ စီးမြဲပင်
၁၁-၂-၂၀၂၆
လွန်ခဲ့တဲ့ (၇၈) နှစ်က မြန်မာပြည်အနှံ့အပြား အရှေ့၊ အနောက်၊ တောင်မြောက်၊ တောင်ပေါ်မြေပြန့်၊ မြို့ပြကျေးလက်မကျန်၊ ကရင်ပြည်သူတွေ လမ်းမပေါ်တက်ပြီး စောဘဦးကြီးရဲ့ ကြွေးကြော်သံ (၄) ရပ် ရေးထိုးထားတဲ့ စက္ကူပြားတွေ ရင်မှာကပ်ပြီး ကရင်ပြည်ကို တောင်းဆိုခဲ့ကြပါတယ်။
မနှစ်က (၁၉၄၇ ခုနှစ်) မှ ပြန်လည်ဖွဲ့စည်းလိုက်တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ရှေ့ဆောင်မှုနဲ့ ကရင်အမျိုးသား အလံတော်အောက်မှာ ငြိမ်ချမ်းစွာ၊ စည်းကမ်းရှိစွာ၊ တက်ကြွစွာ အမျိုးသားဆန္ဒကို ဖော်ပြခဲ့ကြပါတယ်။
အဲဒီနေ့ဟာ သမိုင်းမှတ်တမ်းပြုခဲ့တဲ့နေ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ပဲ မဟုတ်လား။
ကရင်ပြည်သူ ၄ သိန်းခွဲဆိုတာ လုံလောက်တဲ့သက်သေပဲ။ ကိုယ့်ရဲ့ ဘိုးဘေးအမွေ နှစ်ထောင်ချီပြီး ဒီမြစ်ဒီချောင်းဒီရေကို သောက်ပြီး ဒီမျိုး ဒီအနွယ်ကို မျိုးဆက်မပျက် ထိန်းသိမ်းခဲ့တယ်။ နိုင်ငံဝန် ပြည်သူ့ဝန်ကို တန်းတူ ရည်တူ တာဝန်မပျက် လက်တွဲခဲ့ကြတယ်မဟုတ်လား။
ဗြိတိသျှကိုလိုနီအုပ်ချုပ်ရေးကနေ လွတ်လပ်တော့မယ် ဆိုတော့ ကိုယ့်အမျိုးစာရင်းမပါ ပြောစရာမလို သိဖို့ကောင်းတာပေါ့၊ သူတို့က ကိုယ့်ထက် နိုင်ငံရေး သမ္ဘာကြီးတယ်၊ ၁၉၃၀ လောက်က သူတို့က ဗမာအစည်းအရုံးထောင်တော့ တို့အဘိုး ဒယ်မေဖိုးမင်းတို့ ဂျွန်ဆင်တို့က ၁၉၂၈ ခုနှစ်မှာ ဆင်ဖြူလေးတစ်ကောင်နဲ့ ကမ္ဘာပတ်ပြီး ကရင်အကြောင်း ပြောရတာတစ်မျိုး အဆိုကောင်းတဲ့ကရင်၊ ရေတစ်ပုံးကို အကုန်အစင်သောက်ပြရတာတစ်မျိုးနဲ့ ကရင်အကြောင်းသိဖို့ပဲလိုတယ်၊ အဘိုးဒေါက်တာစောစံဖိုးကတော့ မြန်မာပြည်နဲ့ ကရင် ၁၉၂၉ ခုနှစ်လောက်မှာ ရေးပြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့တာဝန်ကျေခဲ့ပြီ။
၁၉၈၁ ခုနှစ် တီသံပြာ (KNA)အသင်းနဲ့ ဘာသာရေး၊ လူမှုရေး၊ ပညာရေး၊ တတ်သလောက်လုပ်ခဲ့လို့ ဟိုခေတ်က အကျိုးဖြစ်ပါတယ်။ ပညာရေးတိုးတက်လာတော့ နိုင်ငံတကာကို ထိုးဖောက်ကြည့်တတ်လာတော့ အမြင်တွေပြောင်းလာတယ်။ သူနာပြု၊ သစ်တော၊ စာရေးစာချီလောက်နဲ့ ကျေနပ်ခဲ့တဲ့ဘဝကနေ ဥပဒေရေးရာပညာတွေ ရလာတယ်။ နိုင်ငံရေး၊ ဥပဒေရေး၊တရားရေးနဲ့ ကရင့်ဘဝ မြေရှင်ပဒေသရာဇ်၊ နယ်ချဲ့၊ မဟာလူမျိုးကြီးဝါဒ ဖိနှိပ်သွေးစုပ်မှု စတဲ့ မတရားမှုတွေကို တွန်းလှန်ဖို့၊ ကိုယ့်အခွင့်အရေးတွေကို ကာကွယ်ဖို့ မြင်တတ်လာတော့ ခေါင်းဆောင်ကြီး စောဘဦးဟာ သူ့တစ်ဦးချင်း သူဌေးဘဝကိုစွန့်လွှတ်ပြီး အမျိုးသားတာဝန်ကို မလွဲမသွေ ယူခဲ့တယ်။
တိုင်းပြည်ရှိမှ တင့်တယ်မယ်။ ကိုယ်နေတဲ့ မြေကိုယ်ရဖို့ တောင်းဆိုဖို့ ဥပဒေနဲ့ညီဖို့လည်း လိုအပ်တယ်၊ ငြိမ်းချမ်းဖိုလည်း လိုအပ်တယ်။ ကျုပ်တို့တောင်းတာ တနင်္သာရီမှာ သံလွင်၊ စစ်တောင်း၊ ဘယ်လူမျိုးမှ မရောက်သေးတဲ့ တောနက်တွေကို ခုတ်ထွင်ရှင်းလင်းပြီး ဒီချောင်း ဒီမြေမှာ စုံဆန်ကူးခတ် လှည့်ပတ်အခြေချရင်း နှစ်ထောင်ချီကြာတော့ ကိုယ်မရထိုက်ဘူးလား။ တောင်တန်း မြေပြန်ခွဲတော့ ကိုယ့်မြေက မြေပြန့်မှာ၊ တောင်တန်းသားတွေပြည်နယ်ကိစ္စ ဖက်ဒရယ်စာချုပ်ပြီး ဦးနုက ဖက်ဒရယ်အတုအယောင်ပေးတော့ သူတို့လည်း လက်နက်ကိုင် တိုက်ပွဲကို မလွှဲမရှောင်သာတော့ဘူး။
ပိုဆိုးတာက စစ်တပ်ကအကြမ်းဖက် အာဏာသိမ်းလိုက်တာပါပဲ။ ဒီမိုကရေစီလည်းပျောက်၊ ဖက်ဒရယ်လည်း ပျောက်၊ တိုင်းပြည်ကို အလုံပိတ်ပြီး တစ်ပါတီအာဏာရှင်စနစ်နဲ့ တိုင်းပြည်ကို အုပ်ချုပ်လို့ တို့အမျိုးသားတွေ ခါးစီးပြီးခံခဲ့ကြရတာ ဒီနေ့အထိပဲ။
“ဖက်ဒရယ်” ကို နိုင်ငံတကာက ဖွင့်ဆိုတဲ့ အဓိပ္ပာယ်က စုပေါင်းလာတဲ့ ပြည်ထောင်စနစ် ဖြစ်တယ်။ ဒါကို သူတို့စစ်အာဏာရှင်တွေက “ခွဲထွက်တဲ့စနစ်” လို့ အဓိပ္ပာယ်ဖွင့်ကြပြီး တိုင်းပြည်ချောက်ထဲကျခါနီးမှာ သူတို့ကပဲ အချိန်မီကယ်တင် လိုက်ရတယ်လို့ ပြောကြတယ်။ တကယ့်လက်တွေ့မှာတော့ ဗိုလ်နေဝင်းကိုယ်တိုင်ဖန်တီးခဲ့တဲ့ (မဆလ) တစ်ပါတီအာဏာရှင်စနစ်က တိုင်းပြည်နဲ့ ပြည်သူတွေကို ချောက်ထဲတွန်းချပစ်ခဲ့တယ်ဆိုတာကို မှတ်တမ်းတင်ခဲ့ကြတယ်မဟုတ်လား။
ဖက်ဒရယ်စနစ်ဆိုတာ ဒီတိုင်းပြည်မှာ မဖြစ်နိုင်ဘူး၊ ကြည့်ပါလား ဆိုပြီး တို့ပြည်ထဲက ထွက်ပြီး လမ်းဘေးမှာ လွတ်လပ်တဲ့ကော်သူးလေအစိုးရကို ဖွဲ့စည်းလိုက်တဲ့ တို့အမျိုးတွေဟာနိုင်ငံရေးပညာခေါင်းပါးလေတော့ စစ်အာဏာရှင်အကြိုက် ဖြစ်သွားရော ကောင်းပေစွ။
တို့ကတော့ တို့ပြည်မှာပဲ တို့အမွေ၊ တို့ချောင်း၊ တို့ယာ၊ တို့လယ်၊ တို့ပြည်သူ၊ တို့အမျိုးတွေနဲ့အတူ ကျဥ်းမြောင်းတဲ့ အမျိုးသားရေးဝါဒ၊ မဟာလူမျိုးကြီးဝါဒတွေကို သတိကြီးစွာ ရှောင်ရှားရင်း အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ်နိုင်ငံကို လူမျိုးစုညီအစ်ကိုတွေနဲ့ လက်တွဲတည်ဆောက်ဆောက်မှာ ဖြစ်တယ်။
ကော်သူးလေအစိုးရနဲ့ ဖယ်ဒရယ်နိုင်ငံတော်ကြီး တို့တိုင်းပြည်ထဲမှာပဲ တည်ဆောက်မယ်။
မန်းအောင်ဌေး

Leave a comment