ကရင့်တော်လှန်ရေး ဒုတိယလမ်းစဉ် – အပိုင်း(၁)

ကရင့်တော်လှန်ရေး ဒုတိယလမ်းစဉ်။

 ကရင့်တော်လှန်ရေး ဒုတိယလမ်းစဉ်ကို ရေးဆွဲသည့်ပုဂ္ဂိုလ်များ ဖြစ်သော၊ မန်းဘဇန်နှင့် စောဟန်တာသာမွှေးတို့ ဖြစ်သည်။ ကရင့်လက်နက်ကိုင် တော်လှန်ရေး၏ ဗွေဆော်ဦးကာလ၊ ၁၉၄၉ ခုနှစ်မှ၊ ၁၉၅၃ ခုနှစ် ဝိန့်ထောင်-ကွန်ဖရင့် ကျင်းပသည့် အချိန်ထိ ကာလပိုင်းကို ပထမ လမ်းစဉ်ဟူ၍ သတ်မှတ်ခဲ့သည်။ 

 ပထမ လမ်းစဉ်သည် အမျိုးသားရေး အမြင်သက်သက်သာ ဖြစ်သည်ကိုလည်း ဖော်ပြခဲ့သည်။ 

 ကရင့်လက်နက်ကိုင် တော်လှန်ရေးသမိုင်းကို ရေးသားခဲ့သူ ဆရာကြီး စကော လယ်တော ကလည်း၊ ဤအချက်ကို ၁၉၅၁ ခုနှစ်၊ ဧပြီလတွင် ကျင်းပခဲ့သော ကေဂျီဘီ (K.G.B.) အစည်းအဝေးတွင်အောက်ပါအတိုင်း အခိုင်အမာ ထောက်ခံခဲ့သည်။ 

 K.G.B. ခေတ်ကာလ ကော်သူးလေဝါဒမှာ တမျိုးသားလုံး၏ ဝါဒဖြစ်ပြီး၊ ဒီမိုကရေစီကို အခြေခံလျက်ရှိသည်။ ခပ်တိုတိုစကားတခွန်းတည်းဆိုရလျှင် “ကရင်ဝါဒ” Karenism. ပင်ဖြစ်သည်။ 

 “The policy of Kaw Thoo Lei is Nationalism based on democracy in the World” ဖြစ်သည်။ 

 ဆက်လက်၍ ဖော်ပြရာတွင် ကရင်တမျိုးသားလုံး၏ ဝါဒသည် မွန်မြတ်သည့် အချက် (၅)ချက် အပေါ်တွင် မှီတည်ပြီး၊ မိဘ ဘိုးဘွားတို့၏ ရှေးပ‌ဝေသဏီ ကာလ ကတည်းက အဆင့်ဆင့် ဆင်းသက်လာသည့် အောက်ပါအချက်များပင် ဖြစ်သည်။ 

(၁) အမှန်တရား၊  Truth.

(၂) သန့်ရှင်းစင်ကြယ်ခြင်း၊  Purity.

(၃) ညီအကို မောင်နှမ ချစ်စိတ် Brotherhood.

(၄) အတူယှဉ်တွဲနေထိုင်စားသောက်မှု Co-operative Living.

(၅) သစ္စာရှိမှု Loyalty.

 ဤမွန်မြတ်သည့် အချက် (၅)ချက်အပေါ် မှီတည်ပြီး၊ နိုင်ငံရေး၊ စီးပွား ရေးနှင့် အမျိုးသားရေး စသည်တို့နှင့် သက်ဆိုင်သည့် `ပေါ်လစီ´ အခိုင်အမာ လုပ်ငန်း အားလုံး ကို ရေးဆွဲခဲ့သည်။ 

မှတ်ချက်။ ။ K.G.B. (Kaw Thoo Lei Governing Body) ခေါ် ကော်သူးလေ အုပ်ချုပ်ရေးအဖွဲ့ကို ၁၉၅၀ ခုနှစ်၊ သြဂုတ်လ (၁၂)ရက်နေ့တွင်၊ ကေအဲန်ယူ ဥက္ကဋ္ဌ စောဘဦးကြီး ကျဆုံးပြီးနောက်တွင် ဖွဲ့စည်းခဲ့သည်။ 

 ၁၉၅၁ ခုနှစ် ဧပြီလ (၄)ရက်နေ့တွင် အရှေ့တိုင်းမှ ခေါင်းဆောင်များနှင့်သာ စတင်ဖွဲ့စည်းခဲ့ပြီး၊ ၁၉၅၁ ခုနှစ်၊ နိုဝင်္ဘာလတွင် မြစ်ဝကျွန်းပေါ် ခေါင်းဆောင်များဖြင့် ပေါင်း စပ်ပြီး ပြန်လည် ဖွဲ့စည်းခဲ့သည်။ 

 ၁၉၄၉ နှစ် ဇန္နဝါရီလ (၃၁)ရက်နေ့တွင် စတင်ခဲ့သော လက်နက်ကိုင် တော်လှန် ရေးသည်၊ တော်လှန်ရေးကာလ ကျင့်သုံးရမည့်၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စစ်ရေး လုပ်ငန်း များအတွက် တိကျသော လမ်းညွှန်ချက်များကို ရေးဆွဲချမှတ် နိုင်ခဲ့ခြင်း မရှိခဲ့ပေ။ ထို့ကြောင့် တောင်ငူမှတဆင့် အရှေ့တိုင်းသို့၊ ဆုတ်ခွာခဲ့သော ခေါင်းဆောင် များနှင့် မြစ်ဝကျွန်းပေါ်သို့ ဆုတ်ခွာခဲ့သော ခေါင်းဆောင်များ၏ ဒေသဆိုင်ရာ အကောင် အထည် ဖော်မှုများသည် တူညီချက်များ ရှိသကဲ့သို့ ကွာခြားချက်များလည်း ရှိခဲ့သည်။ 

 ကော်သူးလေအရှေ့တိုင်းသို့ ဆုတ်ခွာခဲ့သော ခေါင်းဆောင်များတွင် စောဘဦး ကြီး၊ ပအိုဝ်းဦးလှဖေ၊ စကောဝါးခို (စောဖိုးချစ်)၊ ပဒိုဝီရီကျော်၊ ပဒိုစုမော်လွီး၊ ပဒိုဘထွန်း၊ ဂျွန်ဆင်ဒီဖိုးမင်း၊ စောစိန်တင်၊ စောဖိုးမောင် တို့ပါဝင်ပြီး ၎င်းတို့မှာ ဗဟိုအဖွဲ့ချုပ် ဖြစ် သည်။ 

 မြစ်ဝကျွန်းပေါ်သို့ ဆုတ်ခွာခဲ့သော ဗဟိုခေါင်းဆောင်များတွင် ဗိုလ်ချုပ် စိုင်းကေ၊ မန်းဘဇန်၊ စကောလယ်တော၊ မန်းသိန်း၊ ဆရာသာမြိုင် (မန်းရှန်ဖလေ့) တို့ ပါဝင်ခဲ့သည်။ 

 တောင်ငူသို့ ဆုတ်ခွာခဲ့သော ခေါင်းဆောင်များသည်၊ ဇူလိုင်လ (၁၄)ရက် နေ့တွင် ကော်သူးလေ အစိုးရကို ဖွဲ့စည်းပြီး ကော်သူးလေပြည်ကို ကြေညာခဲ့သည်။ ကော်သူးလေ အစိုးရ ဖွဲ့ရာတွင် စောဘဦးကြီးကိုယ်တိုင် တောင်ငူသို့ပင် မရောက်သေးပေ။ ဝန်ကြီးချုပ်မှာ စောဘဦးကြီးဖြစ်ပြီး တခြား ဋ္ဌာနဆိုင်ရာ ဝန်ကြီး(၇)ဦးကို တင်မြောက်ခဲ့သည်။ ဝန်ကြီး အားလုံးတွင် မြန်မာနိုင်ငံ လွှတ်တော်၌ အတွေ့အကြုံရှိသူ (၂)ဦးသာ ပါရှိခဲ့သည်။ ၎င်းတို့မှာ စောဘဦးကြီးနှင့် ဦးလှဖေ တို့ပင် ဖြစ်သည်။ ကော်သူးလေပြည်ကို ထူထောင်သည်ဟု ဆိုသော်လည်း၊ အုပ်ချုပ်ရေးများကို မည်သည့် နေရာဒေသ တနေရာတွင်မျှ စနစ်တကျ မချ မှတ်နိုင်ခဲ့ပေ။ စစ်ပူ ကာလဖြစ်၍ ဖဆပလ တပ်များက ကော်သူးလေ ပြည်ဟု သတ်မှတ်သော ဒေသများကို အပြင်းအထန် ထိုးစစ်ဆင်ခဲ့သည်။ ၁၉၅၀ ခုနှစ်၊ မတ်လတွင် ကော်သူးလေ မြို့တော်၊ တောင်ငူကို ဖဆပလ တပ်များက သိမ်းပိုက်လိုက်သဖြင့် ဝန်ကြီးအားလုံး မော်ချီးသို့ ပြောင်းရွှေ့ခဲ့ကြ ရသည်။ 

 ဧရာဝတီတိုင်းသို့ ဆုတ်ခွာခဲ့သော K.N.U. ဗဟို ခေါင်းဆောင်များကို တောင်ငူရှိ ဗဟို အုပ်ချုပ်ရေးအဖွဲ့က သီးခြားလုပ်ပိုင်ခွင့် ပေးထားသည့်အပေါ် ၁၉၄၉ ခုနှစ် ဇွန်လတွင် ညောင်တုန်းမြို့၌ အစည်း အဝေးတခု ကျင်းပပြုလုပ်ခဲ့ပြီး၊ တပ်မများကို စနစ်တကျ ပြန်လည်ဖွဲ့စည်းခဲ့သည်။ နယ်မြေများကိုလည်း ခွဲဝေ သတ်မှတ်ခဲ့သည်။ 

 ကော်သူးလေ အစိုးရအုပ်ချုပ်ရေး (၃)လအကြာ၊ ၁၉၄၉ ခုနှစ်၊ စက်တင်္ဘာလ (၂၀)ရက်နေ့တွင် စစ်အုပ်ချုပ်ရေးသို့ ပြောင်းလဲခဲ့သည်။ စစ်အုပ်ချုပ်ရေးကြောင့်၊ အရှေ့ တိုင်း၊ ဧရာဝတီတိုင်းအတွင်း စစ်ဘက်ကသာ တော်လှန်ရေး၊ အုပ်ချုပ်ရေးကို ရှေ့ဆောင် ခွင့် ရခဲ့သောကြောင့်၊ စည်းရုံးရေး အုပ်ချုပ်ရေး လုပ်ငန်းများတွင် အခွင့်အာဏာများ အလွန်အမင်း သုံးစွဲခဲ့ကြသည်။ ထို့ကြောင့် လူထု စည်းရုံးရေး လုပ်ငန်းများ ပျက်ပြားလာ ခဲ့ရသည်။ စောဘဦးကြီးသည် စစ်အုပ်ချုပ်ရေးတွင် စစ် သေနာပတိချုပ် တာဝန်ကို ရယူ ထားသော်လည်း၊ စစ်အတွင်းဝန်ဖြစ်သူ ဦးစောလုံ ကသာ အုပ်ချုပ်ရေးကို ကြိုးကိုင်ခဲ့သည်။ စစ်အုပ်ချုပ်ရေး တာဝန်ခံများသည် တော်လှန်ရေးအတွေ့အကြုံများ မရှိသောကြောင့် လူထု စည်းရုံးရေး လုပ်ငန်းများကို အကောင်အထည် မဖော်နိုင်ကြပေ။ အုပ်ချုပ်ရေးများတွင် လည်း ဖရိုဖရဲဖြစ်လာသည်။ အခြေအနေကို ထိန်းသိမ်းရန် စောဘဦးကြီးက၊ မြစ်ဝကျွန်း ပေါ် စစ်ဦးစီးချုပ်တာဝန် ယူနေသော ဗိုလ်ချုပ်စိုင်းကေအား က/န (ကြေးနန်း)ဖြင့် မှာယူ ခဲ့သည်။ ဗိုလ်ချုပ် စိုင်းကေ ရောက်လာသောအခါ အရှေ့တိုင်း ကေအဲန်ယူ အစည်းအရုံးကို ဖော်ထုတ်ရန် ကြိုးပမ်းသော်လည်း အရှေ့တိုင်း ခေါင်းဆောင်များက လက်မခံ ခဲ့ကြချေ။

 မြစ်ဝကျွန်းပေါ်ရှိ ခေါင်းဆောင်များက ဗဟိုမှ ချမှတ်ထားသော စစ်အုပ်ချုပ်ရေး သည် ကရင့်တော်လှန်ရေး အခြေအနေနှင့် မကိုက်ညီဟု ယူဆခဲ့သည်။ အမျိုးသား တော်လှန်ရေးတွင် နိုင်ငံရေးကသာ ဦးဆောင်မှု ကဏ္ဍကို ရယူရမည်။ နိုင်ငံရေး အုပ်ချုပ် ရေး လုပ်ငန်းများအတွက် အဖွဲ့အစည်း (သို့မဟုတ်) ရှေ့ဆောင် ပါတီတရပ် ရှိရမည်ဟု ယုံကြည်နေကြသည်။ ထိုကြောင့် K.N.U. ခေါင်းဆောင် မန်းဘဇန်က ဦးဆောင်ပြီး၊ ပုသိမ် ခရိုင် ကျောင်းကုန်းမြို့နယ်၊ ရွာသာကုန်း ကျေးရွာတွင် အစည်းအဝေးတရပ် ခေါ်ဆိုရာ၊ ကိုယ်စားလှယ် (၂၀၀)ကျော် တက်ရောက်ခဲ့သည်။ K.N.U. အစည်းအရုံးကို ပြန်လည် ဖွဲ့စည်း ခဲ့သည်။ ကေအဲန်ယူ အစည်းအရုံး၏ ရှေ့ဆောင်မှုကြောင့် လူထု စည်းရုံးရေးနှင့် တော်လှန်ရေးလုပ်ငန်းများကို ဆက်လက် ထိန်းသိမ်း နိုင်ခဲ့သည်။ 

 သို့သော် ၁၉၅၁- ၅၂ “ကျော်ဇော” စစ်ဆင်ရေးသည် မြစ်ဝကျွန်းပေါ်ရှိ၊ မြစ်ဝ ကျွန်းပေါ် တပ်မဟာ (၁)နယ်မြေကို ကြည်း၊ ရေ၊ လေ တပ်တို့ဖြင့် အပြင်းအထန် ဝိုင်းပတ် ထိုးစစ်ဆင်ခဲ့သဖြင့်၊ တပ်မဟာ(၁) လက်အောက်ခံ တပ်ရင်းများ အိမ် ထောင်သည် အားလုံး၊ ပဲခူးရိုးမ အနောြက်ခမ်းသို့ ဆုတ်ခွာ သွားခဲ့ရသည်။ တပ်မဟာ(၂)၊ တပ်မဟာ(၄) နယ်မြေ များကိုလည်း ဆက်လက် ထိုးစစ် ဆင်ရာ တပ်မဟာ အဖွဲ့များက ရခိုင်ရိုးမဘက်သို့ ပြောင်းရွှေ့ခဲ့ကြရသည်။ 

 အရှေ့တိုင်းတွင် စစ်အုပ်ချုပ်ရေးအတွင်း အခွင့်အာဏာများ အလွန်အမင်း သုံးစွဲခဲ့မှု၊ လူထု ဆန့်ကျင်ရေးကိစ္စများ များပြားလာပြီး စည်းရုံးရေးလည်းကျ၊ အုပ်ချုပ်ရေး လုပ်ငန်းများတွင်လည်း ဖရိုဖရဲ ပရမ်းပတာ ဖြစ်လာရသည်။ စစ်ခေါင်းဆောင်များသည် စစ်အတွေ့အကြုံ မရှိသောကြောင့်၊ စစ်ပွဲများအတွင်း အဆုံးအရှုံးများ များလာသည်။ ခေါင်းဆောင်များ ကိုယ်တိုင် ရန်သူထံ အရှုံးပေးမှုများ ရှိ လာသည်။ 

 အရှေ့တိုင်းထိုးစစ်သည် မြစ်ဝကျွန်းပေါ်တိုင်း ထိုးစစ်ကဲ့သို့ အပြင်းအထန် ထိုးစစ်ဆင်နိုင်ခဲ့သည် မဟုတ်ပေ။ တောင်ပေါ်ဒေသဖြစ်၍ စစ်ဆင်ရေးကို ၎င်းတို့ စိတ်ထင် သည့်အတိုင်း မလုပ်ဆောင် နိုင်ခဲ့ပေ။ သို့သော် ကေအဲန်ယူ အစည်းအရုံး၏ ရှေ့ဆောင်မှု ကို မတည်ဆောက်နိုင်ခဲ့ခြင်း၊ အမြင့်ဆုံး ခေါင်းဆောင် နှစ်ဦးဖြစ်သူ စောဘဦးကြီးနှင့် ဗိုလ်ချုပ် စိုင်းကေတို့ ကျဆုံးသွားခဲ့ရခြင်းကြောင့် မရေရာသော အခြေကို အချိန်အတန်ကြာ ရင်ဆိုင်ခဲ့ကြရသည်။ 

 မြစ်ဝကျွန်းပေါ်တိုင်း ဒေသကြီးတွင် K.N.U. ကေအဲန်ယူ အစည်းအရုံးကို ပြန်လည် ဖွဲ့စည်းနိုင်ခဲ့သော်လည်း၊ စည်းရုံးရေး အုပ်ချုပ်ရေးများတွင် ယ္ခင် စစ်အုပ်ချုပ်ရေး ခေါင်းဆောင်များ ပါဝင်လာပြီး၊ အုပ်ချုပ်ရေးအာဏာသည် စစ်ခေါင်းဆောင်များ လက်ထဲ တွင်သာ ရှိခဲ့သည်။ ထို့ကြောင့် စစ်ဗြူရိုကရက်စနစ်၊ စစ်ဘုရင်ဝါဒသာ လွှမ်းမိုး လျက်ရှိ သည်။ ကျော်ဇော စစ်ဆင်ရေးကြောင့် အုပ်ချုပ်ရေးလုပ်ငန်းများ ယိုယွင်းနေသော ကာလကို အခွင့်ကောင်းယူပြီး ဖဆပလ က နိုင်ငံရေး ထိုးစစ် တရပ်ကို စတင်လိုက်သည်။  ဒီမိုကရေစီအရေးနှင့် လက်နက် အလဲအလှယ် ငြိမ်းချမ်းရေး ကမ်းလှမ်းချက်များဖြင့် ဒေသ အသီးသီးသို့ ကွင်းဆင်းပြီး၊ ကာကွယ်ရေး လက်နက်ကိုင် တပ်ဖွဲ့အသီးသီး၊ ကျေးရွာ အသီးသီးသို့ ဝါဒဖြန့်ချိ စည်းရုံးနေသည်။ အချိန်အနည်းငယ်အတွင်း ကျေးရွာ အများ အပြားတွင် အလံဖြူများ ထောင်လာကြသည်။ စစ်အုပ်ချုပ်ရေးကြောင့် ကိုယ်ကျိုးစီးပွား ကြွယ်ဝလာသော ဒေသခံတပ်မှူးများသည် ရန်သူ၏ ဝါဒဖြန့် မှုကို လက်ခံပြီး စေ့စပ်ရေး လုပ်လာကြသည်။ 

ငြိမ်းချမ်းရေးကို လက်ခံသော တပ်မှူးများသည် လက်နက်ကိုင်ဆောင်ခွင့် တာဝန် ကျသော ဒေသများတွင် တရားဝင် အုပ်ချုပ်ခွင့်၊ အခွန်ကောက်ပိုင်ခွင့်၊ စီးပွားရေး လုပ်ငန်း များကိုလည်း ရရှိလာကြသည်။ ထို့ကြောင့် တပ်မှူးအများအပြား ရန်သူထံ လက်နက်ချ ကြပြီး မိမိတို့ ဒေသတွင်း၌ ရန်သူ၏ စည်းရုံးရေး အစီအစဉ်များတွင် ဝင်ရောက်သွား ကြသည်။ 

 အထက်ဖော်ပြချက်များသည် ကရင်လက်နက်ကိုင်တော်လှန်ရေး အစပိုင်း ကာလ၊ ၁၉၄၉-၅၆ အထိ တိုင်းဒေသ ၂ ခုဖြစ်သော၊ မြစ်ဝကျွန်းပေါ်နှင့် အရှေ့ တိုင်းဒေသ အခြေအနေများ ဖြစ်သည်။ ဤ အခြေအနေဖြင့် ကရင်အမျိုးသားများ မျှော်မှန်းချက် ဖြစ်သော၊ ကရင်ပြည်ကို ရရှိရန် မဆိုထားနှင့် ရန်သူ၏ နိုင်ငံရေး၊ စစ်ရေး ထိုးစစ်အတွင်း လုံးဝ ခြေမှုန်းခြင်း ခံရမည့် အခြေအနေနှင့် ရင်ဆိုင်နေရပေသည်။

Posted in

Leave a comment