“လွတ်လပ်သော ကရင့်သမိုင်း သုတေသနအသင်း” သည်၊ “သုတေသန စာစောင်” ထုတ်ဝေရေးကို အခါအား လျော်စွာ ထုတ်ဝေရန်သာ သဘောထားခဲ့ပါသည်။ အထူးသဖြင့် သုတေသန ကာလအတွင်း လေ့လာချက်များကို ပြည် သူသို့ တင်ပြပြီး အကြံဉာဏ်များ ရယူခြင်း၊ အချက်အလက်များအား ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်းများဖြင့် ခိုင်မာသော သမိုင်းစာစောင် ရယူနိုင်ရေးကို မျှော်လင့်လျက် ဆောင်ရွက်ရန် ဖြစ်သည်။ သို့သော် သုတေသန လုပ်ငန်း၏ ပထမ ခရီးစဉ်အစ၌ပင် တွေ့ရှိရသော အခက်အခဲများအပေါ် ဤသုတေသန စာစောင်ကို အလျင်စလို ထုတ်ဝေ လိုက်ရပါ သည်။ ကျနော်တို့ “သုတေသန အသင်း”သည် ပထမ ဦးဆုံးသော ခြေလှမ်းတရပ်ဖြစ်သော မှီငြမ်းစာအုပ်များနှင့် ကရင် အမျိုးသားများနှင့် ပတ်သက်သော သမိုင်းကြွင်း အထောက်အထးများ ရရှိနိုင်ရေးကို စတင် ဆောင်ရွက်ခဲ့ပါသည်။ “ကရင်”နှင့် ပတ်သက်သော နိုင်ငံတကာ သမိုင်း သုတေသီတို့ ပြုစုခဲ့သောစာတမ်း အချို့ကို ရှာဖွေ ရရှိသော်လည်း ရှေး ကရင် သမိုင်း ဆရာများနှင့် ၎င်းတို့၏ စာအုပ် စာတမ်းများသည် ရှားပါးလျက် ရှိနေပါသည်။ ဦးစောနှင့် ဦးပညာ ပုဂ္ဂိုလ် နှစ်ဦး ရေးသားခဲ့သော ကရင်သမိုင်း နှစ်စောင်သည် ယနေ့ထက်တိုင် ရှာဖွေ၍ မရနိုင်သေးပါ။ စောအောင်လှ သမိုင်း၏ မှီငြမ်းစာအုပ်များသည်လည်း အချို့သာ ရှိသေးသည်။ “ကရင်လူမျိုး” ၏ မူလ အစနှင့် ပတ်သက်၍ ရှေးသမိုင်းဆရာများ ၏ လေ့လာ ချည်းကပ်နည်းများသည် အထူး တန်ဘိုး ကြီးပါသည်။ သို့သော် နှစ်ပေါင်း (၅၀)ကျော်ပြီးဖြစ်သော စာအုပ် များနှင့် မှတ်တမ်းများသည် အထူး လေ့လာ သိမ်းဆည်းသူများထံမှ လွဲ၍ အခြား နေရာတကာတွင် ရရှိနိုင်မည် မဟုတ် တော့ပေ။ အထက်ပါ အခက်အခဲမျိုးကို ဝိုင်းဝန်း ဖြေရှင်းနိုင်ရန်အတွက် တမျိုးသားလုံးနှင့် အလျင်အမြန် ဆက်သွယ်ရေး ကိစ္စသည် ရှေ့တန်းသို့ ရောက်လာပါသည်။ ဆက်သွယ်ရေး ကရိယာ အဖြစ်ဖြင့် ဤ သုတေသန စာစောင်က စွမ်း ဆောင်နိုင်မည်ကို အပြည့်အဝ ယုံကြည်မိပါသည်။ ဤစာစောင်၌ ဖော်ပြချက်များသည် ရေးသားသူများ၏ တင်ပြချက် များသာ ဖြစ်ပါသည်။ သို့သော် ရေးသားသူနှင့် တပေါင်းတည်း စဉ်းစား ဆုံးဖြတ်ရန် လိုလည်း လိုမည်ဖြစ်ပါသည်။ ဝါသနာရှင် အားလုံးတို့သည် ဤကဏ္ဍကို အသုံးပြုပြီး ပူးပေါင်း ဆောင်ရွက်မည်ကိုလည်း ယုံကြည်ပါသည်။ ထို ပူးပေါင်း ဆောင်ရွက်မှုသည် ကျနော်တို့ မျှော်လင့်သော “ကရင်” သမိုင်း စာစောင် ပေါ်ထွက်ရေးအတွက် အဓိက မောင်းနှင်အား ဖြစ်ပါသည်။ ကြီးမားသော မျှော်လင့်ချက်ဖြင့် ဤစာစောင်ကို ထုတ်ဝေလိုက်သော်လည်း ဘက်ပေါင်းစုံ အားနည်းချက် များ ရှိနေပါသည်။ ထိုအားနည်းချက် များကိုတွေ့ရှိသည့် အခါတိုင်း နားလည် ခွင့်လွှတ်ရန် မေတ္တာရပ်ခံပါသည်။
IKHRA
လွတ်လပ်သောကရင့်သမိုင်းသုတေသနအသင်း