“ကရင့်သမိုင်း ပြုစုရေးအတွက်”

‘လွတ်လပ်သော ကရင့်သမိုင်း သုတေသန အသင်း၏ လုပ်ငန်းစဉ်’

ကရင်လူ့အဖွဲ့အစည်း၏ အတိတ်နှင့် ပစ္စုပ္ပန် ဖြစ်ရပ်မှန်များကို လေ့လာ မှတ်တမ်းတင်ရန် ဝါသနာရှင် အချို့ကို စုစည်းပြီး လေ့လာရေးအဖွဲ့ တဖွဲ့ကို တည်ထောင်ထားပြီး ဖြစ်ပါသည်။ ထိုအသင်းကို “လွတ်လပ်သော ကရင်သမိုင်း သုတေသန အသင်း” ဟု ခေါ်ပါသည်။ ပါဝင်သော သူများမှာ ကရင်အမျိုးသား လှုပ်ရှားမှုကို ဖော်ထုတ်ရန်နှင့် အနာဂါတ် မျိုးဆက်သစ်များအတွက် မှတ်တမ်းပြုပေးလိုသော စေတနာ တခုတည်းနှင့် ပါဝင်ကြသူများဖြစ်သည်။ ကျယ်ပြန့်သော  လုပ်ငန်းကို အကြံပေးရန်နှင့် ကူညီ ဆောင်ရွက်ရန် တမျိုးသားလုံးကို တံခါး ဖွင့်ပေးထးပါသည်။ 

“လွတ်လပ်သော ကရင်သမိုင်း သုတေသန အသင်း”၏ ပထမ ခြေလှမ်းအဖြစ် ဘာသာစကား မျိုးစုံဖြင့် ရေးသားထားသော ကရင် အမျိုးသားအကြောင်း စာစောင်မျိုးစုံ၊ ကဗျာ လင်္ကာ  မှတ်တမ်းစုံ၊ ပေ ပုရပိုဒ်နှင့် သမိုင်းဆိုင် ရာ အထော်ကအထားများ ရှေးဟောင်း ပစ္စည်းမျိုးစုံ စသည်များကို ရှာဖွေ စုဆောင်း မှတ်တမ်းတင်သွားမည် ဖြစ်သည်။ ဒုတိယ ခြေလှမ်း အဖြစ် သမိုင်းမတင်မီ ကရင်အမျိုးသား ဘဝ ပဒေသရာဇ်ခေတ်၊ နယ်ချဲ့ ကိုလိုနီခေတ်၊ ဖက်ဆစ် ဆန့် ကျင်ရေးကာလ၊ ကရင်ပြည် တောင်းဆိုသောကာလ ဗမာ(မြန်မာ)ပြည် လွတ်လပ်ရေး မတိုင်မှီနှင့် လွတ်လပ်ရေး ရပြီး ကာလ၊ ကရင့်လက်နက်ကိုင် တော်လှန်ရေးကာလ ဖြစ်စဉ် တလျောက်လုံး ကရင်အမျိုးသား လှုပ်ရှားမှုအတွင်း နိုင်ငံရေး စီးပွားရေး လူမှုရေး ဘာသာစကားနှင့် ကိုးကွယ် ယုံကြည်မှု၊ ပညာရေး ကျမ္မာရေး စသော လှုပ်ရှားမှုများကို လေ့လာ မှတ်တမ်းတင်ခြင်းများကို ဆောင်ရွက်သွားမည်။ သုတေသန ပြုရာတွင် ကရင်အမျိုးသား သမိုင်းဆရာများနှင့် သုတေသီ တို့ ပြုစု ရေးသားခဲ့သော အောက်ပါ အယူအဆများကို စီစစ် လေ့လာဖော်ထုတ်ရန် ကြိုးပမ်းသွားမည်။

(က) ကရင်အမျိုးသားများသည် ပျောက်ဆုံးနေသော က္ကုသရေလ လူမျိုး (၁၂)မျိုးအနက် တမျိုးဖြစ်သည်။

( ခ) မောင်ဂိုလီးယား မှ တိဘက်ကုန်းပြင်မြင့် တရုတ်ပြည် ယူနန်ကို ဖြတ်ပြီး မြန်မာပြည်ကို ရောက်လာသည်။

( ဂ) မြန်မာပြည်မှ ပေါက်ဖွားလာသော လူမျိုးဖြစ်သည်။ 

(ဃ) ကရင်လူမျိုးများသည် မြန်မာပြည်သို့ ဘီစီ(၇၃၉) တွင် ရောက်လာပြီး ရှေးအကျဆုံး ရောက်လာသော လူမျိုး တမျိုး ဖြစ်သည်။ 

( င) ပျူ ကမ်းယမ် မှာ ကရင်လူမျိုးများ၏ မူလ မျိုးနွယ် ဖြစ်သည်။

မြန်မာသမိုင်းကို ရေးသားခဲ့သော သမိုင်းပညာရှင်များက သမိုင်းမတင်မှီ ကာလ အထက်ပါ ယူဆချက်များကို ရှင်းလင်းခြင်း၊ ငြင်းဆိုခြင်း ထောက်ခံခြင်း မပြုခဲ့ပေ။

၎င်းတို့ တင်ပြချက်များမှာ ကွဲပြား ခြားနားလျှက်ပင် ရှိနေသည်။ ဤ မဖြေရှင်းနိုင်သော ယူဆချက်များကို သမိုင်း ပညာရှင်များနှင့် ပူးပေါင်း ဖြေရှင်းသွားမည်။ လူ့သမိုင်းကို ပြုစုရေးသားရာတွင် ရေးသားသူ၏ အယူအဆနှင့် ကင်းကွာသော သမိုင်းဟူ၍ မရှိဟု သမိုင်းပညာရှင်များက ဆိုထားသည်။ ရေးသားသူ၏ ရပ်တည်ချက် ခံစားချက်သည် သမိုင်းဖြစ်စဉ် တရပ်လုံးကို ဘက်တဘက် အမြင်အဖြစ် နေရာယူမည် ဖြစ်သည်။ မြန်မာသမိုင်း ပညာရှင် အချို့က ပဒေသရာဇခေတ် နယ်ချဲ့ ကျူးကျော် တိုက်ခိုက်မှုများကို နိုင်ငံတော် စည်းလုံးခြင်း တည်ထောင်ခြင်းဟူ၍ ဖော်ပြခြင်းဖြင့် မဟာ လူမျိုးကြီး ဝါဒကို ကိုယ်စားပြုရာ ရောက်မည် ဖြစ်သည်။

ကျနော် ရေးသားလိုသော သမိုင်းသည် ဘက်လိုက်အမြင်ဖြင့် ရေးသားမှုများကို အစွမ်းကုန် ရှောင်ကြည်မည် ဖြစ်သည်။ ပြောင်းလဲနေသော စနစ်များအတွင်း စစ်ရေး နိုင်ငံရေး စီးပွားရေး ပြိုင်ဆိုင်မှုများ ကျူးကျော် ရန်စမှု ခုခံတော်လှန်မှုများကို ဖြစ်စဉ် ပကတိအတိုင်းသာ မှတ်တမ်းတင်မည် ဖြစ်သည်။ ဗမာ(မြန်မာ)ပြည်သည် လူမျိုးပေါင်းစုံ နေထိုင်သော တိုင်းပြည် ဖြစ်သည်။ လူမျိုးတိုင်း၌ သီးခြားသမိုင်း သီးခြားဘာသာစကား ယဉ်ကျေးမှု ကိုးကွယ် ယုံကြည် မှုများ ကိုယ်စီ ရှိကြသည်။ သမိုင်းတလျောက် လူမျိုးခြင်း ပေါင်းစည်းခြင်း ပဋိပက္ခ ဖြစ်ခြင်းများသည် ဓမ္မတာပင် ဖြစ်သည်။ လူမျိုးတမျိုးအား ရိုင်းစိုင်းသော ပုန်ကန်သော လူမျိုးတမျိုးအဖြစ် ရေးသားဖော်ပြချက်မျိုးသည် လက်ခံ ကြိုဆို နိုင်ဘွယ်ရာရာ မရှိပါ။ မြန်မာပြည်တွင် သမိုင်း ရေးသားသူများသည် လူမျိုးအားလုံး၏ သမိုင်းဖြစ်စဉ်ကို လေးစားလျှက် စနစ်တကျ ရေးသား မှတ်တမ်းတင်သင့် ပါသည်။ လူမျိုးများအတွင်း တိုးတက် ဖွဲ့ဖြိုးမှု  မတူညီခြင်းဖြင့် အချို့လူမျိုးတို့ သည် စာပေနှင့် သမိုင်းဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်နိုင်ခြင်း မရှိသေးပါ။ မြန်မာပြည်သမိုင်းသည် လူမျိုးစုံ သမိုင်း ဖြစ်နေရာ လူမျိုးတိုင်း မိမိတို့ အမျိုးသား သမိုင်း ဖော်ထုတ်ရေး ကိစ္စများ ဆောင်ရွက်နိုင်ရေးအတွက် တတိယ ခြေလှမ်းအဖြစ် ကြိုးပမ်း အားထုတ်သွားမည်ဖြစ်သည်။ 

“လွတ်လပ်သော ကရင်သမိုင်း သုတေသန အသင်း” သည် ကရင် လူ့အဖွဲ့အစည်းအတွင်း လေ့လာ ဖော်ထုတ် တွေ့ရှိချက်များကို တမျိုးသားလုံးက ဖြည့်စွက်ခြင်း ပယ်ဖျက်ခြင်း အကြံပြုခြင်းများကို ကျယ်ကျယ် ပြန်ပြန့် လုပ်နိုင်ရေး အတွက် ကရင်အမျိုးသား သုတေသန စာစောင်ကို ထုတ်ဝေသွားမည် ဖြစ်သည်။ ကရင်အမျိုးသား ခေါင်းဆောင်များ ထူးချွန်သော ကရင်အမျိုးသား အမျိုးသမီးများအကြောင်းကိုလည်း မှတ်တမ်းတင်ခြင်း ပုဂ္ဂိုလ်ရေး အထုပ္ပတ္တိများကို ရေးသား ထုတ်ဝေသွားမည်ဖြစ်သည်။ ရှေ့မှီ နောက်မှီ ပုဂ္ဂိုလ်များကိုလည်း နှုတ်မေး မှတ်တမ်း ပြုလုပ်သွားမည် ဖြစ်သည်။ ဤ သုတေသန လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် တမျိုးသားလုံးက ပူးပေါင်းခြင်း ကူညီခြင်း ပြုမည်အကြောင်း အနူးအညွတ် ဖိတ်ခေါ်လိုပါသည်။